သတင်း
ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက မြန်မာ့အရေး ICC ကို လွှဲပြောင်းပေးဖို့ တိုက်တွန်း
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က တနင်္လာနေ့မှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂအဖွဲ့ဝင...
Updated Oct 9, 2026
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က တနင်္လာနေ့မှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ ပိုပြီးဆိုးလာနေပေမယ့် နှစ်ပေါင်းများစွာ နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းလာခဲ့တာတွေဟာ ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့လည်း သူက သတိပေးပါတယ်။
ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၆၃ ကြိမ်မြောက်အစည်းအဝေးမှာ ပြောကြားရာမှာ Volker Türk က မြန်မာနိုင်ငံကို လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနဲ့ စစ်ရေးအတွက် အသုံးချနိုင်တဲ့ နှစ်မျိုးသုံးပစ္စည်းတွေ လွှဲပြောင်းပေးနေတာကိုလည်း ရပ်တန့်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။
အဲဒီပစ္စည်းတွေကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှုတွေ ဖြစ်လာနိုင်တဲ့ ရှင်းလင်းတဲ့ အန္တရာယ်ရှိနေတယ်ဆိုရင် ပစ္စည်းတွေကို မြန်မာနိုင်ငံဆီ မပို့သင့်ဘူးလို့ သူက ပြောပါတယ်။
Türk ရဲ့ ပြောကြားချက်အရ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေကနေ အတည်ပြုနိုင်ခဲ့တာအရ အစီရင်ခံတဲ့ကာလအတွင်း အရပ်သား ၁,၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် အများပြည်သူရရှိနိုင်တဲ့ သတင်းအချက်အလက်တွေအရ အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ ၃,၀၀၀ ကျော်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
အရပ်သားတွေ သေဆုံးရတဲ့ အဓိကအကြောင်းရင်းကတော့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်နေဆဲလို့လည်း သူက ပြောပါတယ်။
ရိုဟင်ဂျာတွေရဲ့ အခြေအနေ
Volker Türk က ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာလည်း အလွန်ဆိုးရွားပြီး “ကပ်ဘေးဆန်တဲ့အခြေအနေ” ဖြစ်နေတယ်လို့ ပြောပါတယ်။
ရိုဟင်ဂျာတွေဟာ ကျယ်ပြန့်ပြီး စနစ်တကျ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အလွဲသုံးစားမှုတွေကို ရင်ဆိုင်နေရတယ်လို့ သူက ဆိုပါတယ်။
အဲဒီထဲမှာ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းတာ နှိပ်စက်ညှဉ်းပန်းတာ
လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှု ၊ အတင်းအဓမ္မ ပျောက်ဆုံးစေတာ အဓမ္မခိုင်းစေတာ စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းတာ စတဲ့ ချိုးဖောက်မှုတွေ ပါဝင်ပါတယ်။
ဒီလိုလုပ်ရပ်တွေကို မြန်မာစစ်တပ်ဘက်ကရော အာရက္ခတပ်တော် (AA) ဘက်ကပါ ကျူးလွန်နေတယ်လို့ Türk က ထောက်ပြပါတယ်။
မြန်မာစစ်တပ်နဲ့ ပုံမှန်ဆက်ဆံရေး ပြန်တည်ဆောက်တာကို သတိပေး
မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် ကြိုးစားနေတဲ့ နိုင်ငံတွေအနေနဲ့လည်း သတိထားဖို့ Volker Türk က သတိပေးပါတယ်။
နိုင်ငံတကာဥပဒေအရ မြန်မာစစ်တပ်ဘက်က သူ့ရဲ့တာဝန်ဝတ္တရားတွေကို လိုက်နာနေတယ်ဆိုတဲ့ အထောက်အထား မရှိသေးဘဲနဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်လုပ်ဖို့ ကြိုးစားတာကို ရှောင်ရှားသင့်တယ်လို့ ဆိုပါတယ်။
သူက “ဒါဟာ ‘ချိန်ဆပြီး ဆက်ဆံရေးထားရှိခြင်း’ လောက်နဲ့ မလုံလောက်ပါဘူး။ ကျွန်တော်တို့လိုအပ်တာက လူ့အခွင့်အရေးကို အခြေခံထားတဲ့ ဆက်ဆံရေးမျိုးပါ” လို့ ပြောပါတယ်။
နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်ဆံမယ်ဆိုရင်လည်း အနည်းဆုံး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ပေးနိုင်ဖို့နဲ့ အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ အချက်တွေကို အခြေအနေသတ်မှတ်ချက်အဖြစ် ထားသင့်တယ်လို့ သူက ပြောပါတယ်။
ရိုဟင်ဂျာတွေကို လက်ရှိအခြေအနေမှာ ပြန်မပို့သင့်
လက်ရှိ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေအောက်မှာ ရိုဟင်ဂျာတွေအပါအဝင် ဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲ ပြန်ပို့ဖို့ မဖြစ်နိုင်ဘူးလို့လည်း Türk က ပြတ်ပြတ်သားသား ပြောပါတယ်။
လက်ရှိအခြေအနေမှာ ပြန်ပို့မယ်ဆိုရင် “non-refoulement” ဆိုတဲ့ နိုင်ငံတကာဥပဒေရဲ့ အခြေခံမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်မယ်လို့ သူက သတိပေးပါတယ်။
Non-refoulement ဆိုတာကတော့ မိမိနိုင်ငံကို ပြန်ပို့လိုက်ရင် အသက်အန္တရာယ်၊ နှိပ်စက်ညှဉ်းပန်းခံရနိုင်မှု ဒါမှမဟုတ် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံတွေ့ရနိုင်တဲ့သူကို အဲဒီနိုင်ငံဆီ အတင်းအကျပ် ပြန်မပို့ရဘူးဆိုတဲ့ နိုင်ငံတကာကာကွယ်ရေးမူ ဖြစ်ပါတယ်။
နောက်ဆုံးမှာ Volker Türk က “မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးအတွက် တောင်းဆိုမှုတွေကို နိုင်ငံရေးအရရော ငွေကြေးအရပါ နိုင်ငံတိုင်းက ထောက်ခံပေးကြဖို့ ကျွန်တော် တောင်းဆိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။